Saturday, October 22, 2011

Posted by . On 7:54 AM 0 comments

ပခုက္ကူ ရေဘေး ၅၈ ဦးသေ၊ ၃၂၀ ပျောက်ဆုံး

ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁


ချင်းမိုင်(မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်းချောင်း ထဲ မျောပါ သေဆုံးသူမှာ သောကြာနေ့ မွန်းတည့်ချိန်အထိ ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကာ လူ ၃၂၀ ပျောက်ဆုံး
နေဆဲ ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရွှေချောင်းနံဘေးမှ ကွက်သစ် ခေါ် ကျူးကျော်ရပ်ကွက်ဟု ခေါ်တွင်သည့်ဒေသမှ အိမ်ခြေ အနည်းဆုံး ၅၀၀ ခန့် ချောင်းထဲ မျောပါသွားခဲ့သည်။ ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော်ရှိနေသေးသည်ဟု ပခုက္ကူ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မဇ္ဈိမသတင်းထောက်ကို ပြောသည်။

“ချောင်းရိုးတလျှောက်က အိမ်ခြေတွေက တချို့နေရာတွေမှာ ကိုက် ၄၀၀၊ ၅၀၀ လောက် မြေကြီးပြိုသွားတာ။ ၁၅ ပေ၊ ၂၀ လောက် မြေက နိမ့်ပြီးတော့ ရေတိုက်စားပြီးတော့ အိမ်တွေ ပြိုသွားတာ။ အားလုံးပေါင်း အိမ်က ၅၀၀ လောက်က ပါသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

pakhukuu2

ရေစီးဒဏ်ကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) ရွှေချောင်း တံတားကျိုးပျက်မှုကြောင့် ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုရန် တံတား၏ မြောက်ဘက်ရှိ သဲချောင်းကူး လမ်းဟောင်းတနေရာကို ယန္တရားများအသုံးပြု ရှင်းလင်းခဲ့ရာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။

ကျိုးပျက်သွားသည့် ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတား :: ရေတိုက်စားမှုကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ ) ပခုက္ကူမြို့အရှေ့ဘက်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရွှေချောင်း ချောင်းတလျှောက် အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက ရေအဟုန်ပြင်းစွာ စီးဆင်းခဲ့မှုကြောင့် ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ကာ ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပြတ်တောက် သွားခဲ့သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။ နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ :: ရေစီးနှင့် အတူပါသွားသည့် နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ တဦးကို  ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်း အတွင်း သောကြာနေ့က အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက စီးဆင်းခဲ့သည့် ရေကြောင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်နှင့် (၂) ရပ်ကွက် တို့ရှိ ရွှေချောင်း ချောင်းကမ်းပါး အနီးတဝိုက် နေအိမ် နှစ်ရာထက်မနည်း ရာနှုန်းပြည့် ပျက်စီးခဲ့သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။ နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး :: ရေစီးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး တဦးကို  ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် အတွင်း သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက အဟုန်ပြင်းစွာ စီးဆင်းခဲ့သည့် ရေကြောင့် ရွှေချောင်းတလျှောက် မျောပါ ပျောက်ဆုံးနေသူများအနက် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် မည်သူမည်ဝါဟု ခွဲခြားနိုင်သည့် ကျား၊မ အလောင်းပေါင်း ၆ဝ နီးပါး ရှိကြောင်း တရားဝင် စာရင်းဇယားများအရ သိရပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ဆွေမျိုးသားချင်းတစု :: သဲများ အပြည့်ဖုံးအုပ်သွားခဲ့သည့် နေအိမ် နေရာဟောင်းတခုတွင် ပျောက်ဆုံးနေသူများနှင့် ပစ္စည်းများ ရှာဖွေနေသည့် ဆွေမျိုးသားချင်းတစုနှင့် ဝိုင်းအုံကြည့်ရှုနေသူများကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ ) ရွှေချောင်း တလျှောက်ရှိ အချို့နေရာများတွင် ကိုက် ၃ဝဝ ခန့်အကျယ် အနက် ၁၅ ပေမှ ပေ ၂ဝ ခန့် မြေလွှာနိမ့်ကျသည် အထိ ရေတိုက်စားမှု ရှိသကဲ့သို့ အချို့မြေနိမ့် နေရာများတွင် ၁၅ ပေခန့် အမြင့်အထိ သဲများ ဖုံးအုပ် မြေမျက်နှာပြင် မြင့်တက်သွားခဲ့သည်။ သဲချောင်းကူးလမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက် :: ရွှေချောင်း တံတားအစား ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲရန် သဲချောင်းကူးလမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက်နေသည်ကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ရွှေချောင်းတံတားမှာ ၁ဝ ဘီး၊ ၁၂ ဘီး ယာဉ်များ ဖြတ်သန်းခွင့် မရှိသဖြင့် ယင်းသဲချောင်းကူး လမ်းနေရာတွင် ယခင်က ယာဉ်ကြီးများ သွားလာခဲ့ပြီး အောက်တိုဘာ ၂ဝ ရက်နေ့ ရေစီးဒဏ်ကြောင့် သဲများ ဖုံးအုပ်သွားသဖြင့် ပြန်လည် ဖောက်လုပ်ခဲ့ရခြင်းဖြစ်သည်။

ရေဘေး ဒုက္ခသည်များ အတွက် ပခုက္ကူမြို့တွင် တိလောကရာမ၊ မိုးကုတ်ကျောင်း၊ မသတောင်၊ ကျောက်မီး
ကျောင်း စသည့် ဘုန်းကြီးကျောင်း လေးကျောင်းတွင် ဖွင့်လှစ်ထားသည်။

ယင်းအပြင် ပခုက္ကူမှ မန္တလေးမြို့ဘက်ထွက်ခွာရာတွင် အဓိကဖြစ်သည့် ရွှေချောင်းချောင်း ကွန်ကရက် တံတား မှာလည်း ကျိုးပြတ်သွားသဖြင့် ခရီးသည်တင်ကားများ သွားလာမှု ရပ်ဆိုင်းထားရသည်ဟု ဒေသခံများထံမှ သိရ သည်။ ပခုက္ကူမြို့ မီးသတ်တပ်ဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက အရေးပေါ်လမ်းတခု ဖောက်လုပ်လျက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ပေါက်မြို့နယ် ယောချောင်းဘေးရှိသော ရွာများဖြစ်သည့် မြစ်ဖျား ၊ ပျဉ်းကျောင်း၊ ကျောင်းကုန်း၊ နသာ၊ကျွန်ပင်း၊ မီးချောင်းတွင် ၊ လေးတိုင်း၊ လှည်သာ၊ ကမွန်းထောင့်၊ သဖန်းထောင့် ၊စညောင်း၊ ဒဲ့ဖျား ၊ လျည်းကျ ၊ ကျကွဲ။ အရှေ့ကဖြူ ၊အနောက်ကဖြူ ၊ တောင်ဘလူ၊ ရမာ ၊ ကျခန်း ကျေးရွာများ ရေဘေးသင့်ခဲ့သည်ဟု ဆိုသည်။

ကြာသပတေးနေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ် ရပ်ကွက်ထဲတွင် မုန်းတိုင်းအဖျားခတ်လိမ့်မည်ဟု ပခုက္ကူမြို့ ရပ်ကွက်အာဏာပိုင်များက သတိထားကြရန် သတိကြေငြာခဲ့သေးသည်။

Sunday, March 27, 2011

Posted by . On 2:03 PM 0 comments

အကျဉ်းထောင်ထဲက စစ်ပြေး ကလေးတွေရဲ့ဘဝ

(မြန်မာနိုင်ငံတွင် ကလေးစစ်သား ပြဿနာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါသည်။ နိုင်ငံတကာဖိအားပေးမှုများ ရှိနေသည့်တိုင် စစ်အစိုးရ တာဝန်ရှိသူများကိုယ်တိုင်က ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်း၊ ပြည်တွင်းရှိ အကူအညီပေးရေး အဖွဲ့များကလည်း ထိရောက်စွာကူညီရန် အကန့်အသတ်ရှိနေခြင်းတို့ကြောင့် ကလေးစစ်သားအဖြစ် စုဆောင်းခံရသူများ၏ အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းချခံရသည့် စစ်ပြေး ကလေးစစ်သားများအကြောင်း ဖော်ပြလိုက်ပါသည်။)

child-soldier

ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် တွေ့ရသော ကလေးစစ်သားတဦး (ဓာတ်ပုံ - Reuters)

သံချောင်းခေါက်သံ၊ တုန်းမောင်း ခေါက်သံနဲ့အတူ “အားလုံးကောင်းပါသည် ဆရာကြီး” ဆိုတဲ့ ဘာယာ (ညကင်းစောင့် အကျဉ်းသား) တွေရဲ့အော်သံ၊ စစ်ဖိနပ်သံ တရှပ်ရှပ် အသံတွေကြောင့် ကျနော် အိပ်မပျော်နိုင် ဖြစ်နေစဉ်မှာပဲ တရှုံ့ရှုံ့ ငိုကြွေးသံ တသံကို ကျနော် ကြားလိုက်ရတာပါ။

ခေါင်းထောင်ကြည့်တော့ ကျနော့်အခန်း မျက်စောင်းထိုး ပြစ်ဒဏ်ခန်းတခုရဲ့ သံတိုင်တံခါးဝမှာ သံတိုင်တွေကို လက်နှစ်ဘက်ပိုက်လို့၊ ခေါင်းကိုငုံ့ပြီး ငိုကြွေးနေတဲ့ ကလေးငယ် တယောက်ကို တွေ့လိုက်ရပါတယ်။ သူ့အသံက တိတ်ဆိတ်ခြင်းကို တအိအိဖြိုခွဲနေသလို ဖြစ်နေတယ်။

မနက်မိုးလင်းတော့မှ ညက ငိုကြွေးနေတဲ့သူကို သဲသဲကွဲကွဲ ကျနော် မြင်ခွင့်ရလိုက်တယ်။ ကြိုးတိုက်ထဲ ရောက်နေတဲ့ သူက အသက် ၁၆ နှစ်ပဲရှိသေးတဲ့ မောင်သော်ဇင် ဆိုတဲ့ ကလေးစစ်သား စစ်ပြေးကလေး တယောက်ပါ။ သူ ဘယ် အချိန်က၊ ဘာကြောင့် ဒီနေရာကို ရောက်နေတာပါလိမ့်။

“ကျနော် ညမိုးချုပ်မှ ဒီတိုက်ကိုရောက်လာတာ။ အရင် ၅ ဆောင်မှာ နေရတာ။ ထောင်ကိုရောက်တာ ၅ ပတ်ပဲ ရှိသေးတယ်။ မနေ့ညက ပြဿနာတက်လို့ ဒီကို ရောက်လာတာ” လို့ သူက ရှင်းပြတယ်။

“ဘာပြဿနာလဲ” ဆိုတဲ့ ကျနော့်အမေးကို သူက ဆက်ရှင်းပြရင်း မျက်ရည်တွေ ကျလာပြန်ပါတယ်။

စစ်ပြေးမှု (ပုဒ်မ ၆၅) နဲ့ ထောင်ဒဏ် တနှစ်ကျခံရလို့ အင်းစိန်ထောင်ကို ရောက်လာခဲ့ပြီး ရက်သတ္တ ၅ ပတ်အကြာ အဲဒီနေ့ည ၁၀ နာရီလောက်မှာ သူဟာ ထောင်အခေါ် “စစ်သမီး” ဖြစ်နေတယ် ဆိုတာကို ကျန်တဲ့သူတွေ သိသွားလို့ သူ ငိုနေတာလို့ ပြောပြတယ်။

အဲဒီ နေ့ညက ၅ ဆောင် အခန်းလူကြီးရဲ့ လက်ရုံးတဆူ ထောင်လူဆိုးတဦးက သူ့ကို လိင်တူချင်း အဓမ္မ ပြုကျင့်နေတာကို ဘာယာက တွေ့သွားတဲ့အတွက် အခုလို ပြစ်ဒဏ်တိုက်ကို ရောက်လာခဲ့ရတာလို့ သိခွင့်ရလိုက်ပါတယ်။

သူ့အနေနဲ့ ထောင်ကိုရောက်ခါစမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတဲ့အတွက် ထောင်ဝင်စာလည်းမရှိ၊ ထမင်းတောင် ၀လင်အောင် မစားခဲ့ရဘူးလို့ ပြောပြပါတယ်။ ကလေးစစ်သားတွေဟာ စစ်သားစုဆောင်း ခံရပြီးနောက်မှာ မိသားစုနဲ့ လုံးဝ အဆက်အသွယ်လုပ်ခွင့် မရကြတော့ ပါဘူး။ တချို့ဆိုရင် ဘယ်လိုမှ မိသားစု ရင်ခွင်ကို ပြန်မရောက်တော့ဘဲ ပျောက်ချင်းမလှ ပျောက်သွားကြတော့တာပါ။

မောင်သော်ဇင်ဟာ ထောင်ကိုရောက်တာနဲ့ မိလ္လာအိုး ထမ်းခဲ့ရတယ်။ အလုပ်ကြီး မိလ္လာဘုတ်ကိုင်က မစင်အိုးကို လက်မှာ ဘာအကာအကွယ်မှမပါဘဲ သေချာပြောင်စင်အောင် ဆေးကြောခိုင်းတာ ခံခဲ့ရတယ်၊ ဒါတွေကို မောင်သော်ဇင် အနေနဲ့ စိတ်မပါဘဲ လုပ်နေရတာကြောင့် ဒီဒုက္ခက လွတ်မြောက်ချင်စိတ် တခုပဲ သူ့မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အဖြစ်အပျက်တွေ ခံစားနေရခိုက်မှာပဲ သူနဲ့ ထောင်တွင်းပြစ်ဒဏ် အတူ ခံစားနေရတဲ့ ကျော်ကြီးဆိုသူက သူ့ကို အစစအရာရာ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် “သား” လို့ခေါ်ပြီး ဂရုစိုက်ခဲ့တယ်လို့ သိရတယ်။

“ဖေကျော်ကြီးက သားလို့ခေါ်ပြီး ရေကန်မှာ ရေချိုးပေးတယ်။ ရေချိုးရတာလည်း အ၀ ချိုးရတာ။ အရင်ရောက်စက ကျနော့်မှာ ၀ဲတွေ တကိုယ်လုံးပေါက်နေခဲ့တာ။ ဆေးကအစ သူကိုယ်တိုင် ၀ယ်ပေးပြီး ကျနော့်ကို ဆေးလိမ်း ပေးတယ်။ ကျနော့်မိဘတောင် ကျနော့်ကို ဒီလောက် မကြင်နာခဲ့ဘူး” လို့ မောင်သော်ဇင်က ရှင်းပြပါတယ်။

ကျော်ကြီးဆိုတဲ့ ထောင်လူဆိုးဟာ သူ့အတွက် ကျေးဇူးရှင်တယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျော်ကြီးနဲ့အတူ နေထိုင်ရင်းက တညမှာတော့ သူ့ကို လိင်တူချင်းဆက်ဆံဖို့ ကျော်ကြီးက အတင်းအဓမ္မ တောင်းဆို ခဲ့တာပါ။ ပထမတော့ သူ့အနေနဲ့ စစ်သားတောင် လုပ်ခဲ့သေးတာမို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ်လို့များ ကျော်ကြီးရဲ့ ဆန္ဒကို သူဖြည့်ဆည်းမပေးခဲ့ဘူး ဆိုရင် သူ လုံးဝ မလုပ်ချင်တဲ့၊ စက်ဆုပ်တဲ့ မိလ္လာထမ်းရတာ၊ မိလ္လာအိုး ဆေးရတာတွေ ပြန်လုပ်ရတော့မယ်။ ထမင်းနပ်မှန်မှန် ဟင်းကောင်းကောင်းနဲ့ စားရ တာတွေ၊ အ၀တ်အထည် ကောင်းကောင်း ၀တ်ရတာတွေ၊ ရေ ၀ဝလင်လင် ချိုးရတာတွေ … အဲဒီလို နတ်ပြည်နဲ့ တူတဲ့ ဘ၀လေးကိုလည်း သူ မစွန့်လွှတ်နိုင်ဘူး။ နောက်ဆုံးတော့ သူ လက်လျှော့ခဲ့ပြီး ယောက်ျားစင်စစ် ဘ၀ကို ပေးဆပ်ခဲ့ လိုက်ရတာဖြစ်တယ်လို့ မောင်သော်ဇင်က ရှင်းပြတယ်။

အခုလို ပြဿနာမဖြစ်ခင် ဘယ်သူမှ မသိခဲ့ပေမယ့် အဲဒီညကတော့ သူ့ဖြစ်အင်ကို တခြားအကျဉ်းသား တွေ တော်တော်များများ သိသွားကြပြီး သူ့ကို “စစ်သမီး” လို့ ခေါ်တဲ့အပြင် ရိုက်နှက်၊ ဒေါက်ခတ်ပြီး ပြစ်ဒဏ် ပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး မိဘရင်းချာထက် ကောင်းမွန်နွေးထွေးတဲ့ ဂရုစိုက်မှုတွေ၊ မစင်အိုးဆေးရတဲ့ဒုက္ခ၊ နေပူထဲမှာ အလေးအပင် ထမ်းရတဲ့ ဒုက္ခ၊ အိပ်စရာ နေရာမရှိဘဲ အိမ်သာအိုးတွေနားမှာ နေထိုင်အိပ်စက်ရတဲ့ ဒုက္ခတွေထဲက ကယ်တင်ခဲ့တဲ့ ကျော်ကြီးကို မောင်သော်ဇင် အနေနဲ့ ကန္တာရထဲက အိုအေစစ်လို့ ထင်သွားခဲ့တာ မဆန်းပါဘူး။ မော်သော်ဇင်တို့ အရွယ်က မိသားစုရဲ့ နွေးထွေးမှု ငတ်နေတဲ့ ကလေးအရွယ်ပါ။

ဒီလိုနည်းနဲ့ပဲ စစ်သားကလေးတွေကနေ စစ်သမီးဘ၀ အပြောင်းခံရတာတွေ၊ ရဲသားက ရဲမေ ဖြစ်သွား ရတာတွေဟာ မြန်မာ အကျဉ်းထောင်ရဲ့ယဉ်ကျေးမှု တခုလိုဖြစ်နေခဲ့တာကြာပါပြီ။

မောင်သော်ဇင်လိုပဲ တခြား ကလေးသူငယ် အကျဉ်းသားတွေလည်း အဓမ္မပြုကျင့် ခံရတာတွေ ရှိပါတယ်။ ဒါကို ထောင် စကားအရ “ဂျိုမွေးစားတယ်” လို့ခေါ်ပါတယ်။ ဂျိုမွေးစားသူကိုတော့ ဗိုလ်လို့ ခေါ်ပြီး မွေးစားခံရသူကို ဂျို လို့ခေါ်ပါတယ်။ ဗိုလ် ဆိုသူတွေက ထောင်အာဏာပိုင်တွေကို လာဘ်ပေးပြီး အထက်ပါ အပြုအမူမျိုးကို စိတ်ကြိုက် လုပ်ခွင့်ရအောင် ဖန်တီးထားတာပါ။

ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်သားနဲ့ ရဲကို မုန်းတီးစိတ်တွေ ထူပြော နေတာကြောင့် ဖြစ်တယ် ဆိုတာ သိခဲ့ရပါတယ်။

မြန်မာ့ လူ့အဖွဲ့အစည်းမှာ စစ်သားနဲ့ ရဲကို မုန်းတီးစိတ်က အကျဉ်းထောင်တွေထဲက ရာဇ၀တ် အကျဉ်းသားတွေကြားမှာ ပိုပြီး သိသာထင်ရှားနေပါတယ်။ ရပ်ထဲ၊ ရွာထဲမှာ စစ်သား တော်တော်များများရဲ့ အနိုင်ကျင့် ဗိုလ်ကျတတ်တာတွေက မုန်းတီးမှုကို အခြေခံတာပါ။

ရာဇ၀တ် အကျဉ်းသားတွေရဲ့ မုန်းတီးမှု အကြောင်းကတော့ သူတို့တွေဟာ မကြာခဏ စစ်ပေါ်တာ (၀န်ထုပ်ထမ်း) တွေအဖြစ် အကျဉ်းထောင် အသီးသီးကနေ စစ်မြေပြင်ဆီကို ခေါ်ဆောင်ခြင်း ခံကြရပါတယ်။ အဲဒီ အခါတွေမှာ စစ်သားတွေက အကျဉ်းသားတွေကို ရိုက်နှက် ညှင်းပန်း နှိပ်စက်၊ နောက်ဆုံး သေနတ်နဲ့ပါ ပစ်သတ်ထားခဲ့တာတွေ ရှိခဲ့တာကြောင့် ထောင်ကျလာတဲ့ စစ်သားတွေ၊ ရဲတွေကို ထောင်သား ရာဇ၀တ်အကျဉ်းသား တွေက စစ်သမီး ဖြစ်သွားစေဖို့အတွက် တာဝန်တခုလို ထမ်းဆောင်တတ်ကြပါတယ်။ အဲဒီလိုပဲ သူတို့ကို ဖမ်းဆီး၊ ငွေညှစ် ထောင်ကျစေခဲ့တဲ့ ရဲတွေကိုလည်း ရဲမေ အဖြစ် သူတို့ ပြောင်းလဲပေးတတ် ကြပါတယ်။

မောင်သော်ဇင်ဟာ နအဖစစ်အစိုးရ စစ်သားစုဆောင်းရေးရဲ့ သားကောင် ဖြစ်ခဲ့ရသူ တယောက်ပါ။ သူဟာ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က သာမန် လယ်သမားတဦးရဲ့ သားသမီး ၄ ဦးထဲက ဒုတိယမြောက်သား ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာကလေး တရွာရဲ့ တွဲဘက် အလယ်တန်းကျောင်းရဲ့ သတ္တမတန်းမှာ သင်ကြားနေတဲ့ ၁၄ နှစ်အရွယ် ကျောင်းသားတဦးပါ။

ဆင်းရဲသား ယာသမား၊ ထန်းတက်သမား မိသားစုက မွေးဖွားလာရသူဖြစ်ပါတယ်။ စားဝတ်နေရေး မပြေလည် တာတွေကြောင့် ကျောင်းစာသင်ချိန်တွေ မကြာခဏ ဖျက်ပြီး အိမ်ရဲ့ အလုပ်တွေဖြစ်တဲ့ ထန်းရည်အိုး သယ်ပို့ပေးရ တာတွေ၊ နွားစာ ရိတ်ရာမှာ ကူညီရတာတွေ ရှိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျောင်းမှာစာသိပ် မလိုက်နိုင်ခဲ့ဘူးလို့ သူ့ဘဝအကြောင်း ပြောပြပါတယ်။

သူ့ဘ၀ အပြောင်းအလဲကတော့ တနေ့ ကျောင်းက အပြန်မှာ သက်လတ်ပိုင်း အမျိုးသား တယောက်က သူ့ကို မုန့်ဝယ်ကျွေးရင်း စကားစမြည်လာပြောတာကနေ စတင်ခဲ့တာပါ။ အဲဒီလူက မောင်သော်ဇင်ကို ရင်းနှီးလာအောင် ပေါင်းသင်းပြီး နေ့တိုင်း သူ့အတွက် ကောင်းကောင်းမွန်မွန် ကျွေးမွေးတာ၊ မုန့်ဖိုးပေးတာတွေ လုပ်လာတဲ့အတွက် အထင်ကြီး ခဲ့မိတယ်လို့ သူက ဆိုပါတယ်။

တပတ်လောက် အကြာမှာပဲ မောင်သော်ဇင်နဲ့အတူ သန်းထိုက်လို့ ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားလေး တို့ဟာ အိမ်က မိဘတွေမသိအောင် အဲဒီလူနဲ့အတူ လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ ပျော်ဘွယ်မြို့နယ် စစ်သားစုဆောင်းရေး စခန်းကနေတဆင့် ရမည်းသင်း လေ့ကျင့်ရေး ၃ တပ်ရင်းကို ရောက်ပြီး သင်တန်း ၄ လ တက်ခဲ့ရပါတယ်။ အရင်က စစ်သားတွေအတွက် လေ့ကျင့်ရေး သင်တန်း ၆ လ တက်ရပေမယ့် အခုနောက်ပိုင်း ၄ လ ပဲ တက်ရတော့တယ်လို့ သူက ပြောပြပါတယ်။

လေ့ကျင့်ရေး သင်တန်းပြီးတာနဲ့ မောင်သော်ဇင်ကို မော်လမြိုင်ကနေ တဆင့် သံဖြူဇရပ်၊ အဲဒီကမှ ကျိုင်းတုံ၊ နောက်တော့ ဗန်းမော် စတဲ့ ခြေလျင်တပ်ရင်းတွေကို အပို့ခံခဲ့ရပြီး သူနဲ့အတူတူ စစ်ထဲဝင်သွားခဲ့တဲ့ သန်းထိုက် ဆိုတဲ့ တရွာတည်းသားနဲ့လည်း မတွေ့ရတော့ပါဘူး။

သူ တပ်ထဲရောက်သွားတဲ့အချိန်မှာ အသက် ၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကလေးတွေပါ ရှိနေကြပြီး တချို့ ကလေးစစ်သား ကလေးတွေဆိုရင် သူတို့ကိုင်တဲ့ သေနတ်က သူတို့အရပ်ထက်တောင် မြင့်နေတယ်လို့ မောင်သော်ဇင်က ပြောပါ တယ်။

ကလေးစစ်သားတဦး စုဆောင်းပြီးတာနဲ့ တပြိုင်နက်တည်း မိသားဝင်တွေ အလွယ်တကူ သတင်းလိုက် စုံစမ်းလို့ မရအောင် တနေရာပြီး တနေရာကို ပြောင်းရွှေ့ပစ်တတ်တာ ထုံးစံတခုလို ဖြစ်နေတာပါ။ မိသားစုဆီ ဆက်သွယ်ခွင့် လည်း မရကြပါဘူး။

ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းမှာကတည်းက သူအပါအ၀င် သူတို့လို ကလေးစစ်သားတွေဟာ စစ်တပ် အရာရှိတွေ၊ တခြားအဆင့် စစ်သက်ရင့် စစ်သားကြီးတွေရဲ့ အိမ်တွေမှာ အ၀တ်လျှော်၊ ထင်းခွဲ၊ ရေခပ်၊ နွားကျောင်း၊ ကန်တူး၊ သစ်ပင်စိုက်၊ ထုံးသုတ်၊ လမ်းမြေဖို့၊ မြေသယ်၊ စတဲ့ အလုပ်ကြမ်းတွေကို လုပ်ပေးခဲ့ကြရတာပါ။

သူတို့ ကလေး စစ်သားတွေကို တပ်ကြပ်ကြီး၊ ဒါမှမဟုတ် တပ်ကြပ်တဦးဦးက ထိမ်းကျောင်းပါတယ်။ တခါတလေတော့ သူတို့ကို မုန့်ဖိုးပေးတတ်တယ်လို့ ဆိုပါတယ်။ လစာအနေနဲ့တော့ မရတဲ့သူတွေ ရှိသလို၊ နောက်ပိုင်း တပ်ထဲမှာ လည်ဝယ်လာလို့ လစာရသွား ကြတဲ့သူတွေလည်း နည်းနည်း ရှိတယ်လို့ သိရပါတယ်။
အခုလို အရွယ်မရောက်သေးသူ ကလေးငယ်တွေကို မြန်မာစစ်တပ်အတွင်း နည်းမျိုးစုံသုံးပြီး သွတ်သွင်းနေတဲ့ အဖြစ်အပျက်တွေဟာ တပ်ထဲမှာ ဖြစ်ပွားနေတာ ကြာပါပြီ။

မောင်သော်ဇင်လို မြန်မာစစ်တပ် စစ်သားစုဆောင်းရေးရဲ့ သားကောင်ဖြစ်ရတဲ့ မြန်မာကလေးငယ်တွေထဲက ရာချီတဲ့ ကလေးစစ်သား ကလေးတွေဟာ စစ်ပြေးမှုတွေနဲ့ ထောင်ကျခံကြရသလို၊ ထွက်မပြေးနိုင်ဘဲ စစ်တပ်ထဲမှာ စစ်ကျွန်တွေလို နည်းမျိုးစုံ အနိုင်ကျင့်ခံနေကြရတဲ့ သူတွေလည်း အများကြီး ရှိနေပါတယ်။

စစ်ပြေးတဲ့အတွက် ပြစ်ဒဏ်ကျခံရပြီး စစ်ထွက်လက်မှတ်ယူဖို့ တပ်ရင်းကို ပြန်သွားရတဲ့သူ အများစုဟာလည်း တပ်ထွက် လက်မှတ်မရဘဲ နောက်တကြိမ် နာမည်တမျိုးနဲ့ စစ်သားပြန်ဖြစ်သွားကြရပါတယ်။ တချို့ဆိုရင် နှစ်ကျော့၊ သုံးကျော့၊ လေးကျော့ အထိတောင်ရှိတယ်လို့ သိရပါတယ်။

ကလေးစစ်သားတွေဟာ စစ်တပ်ထဲမှာ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်တွေကို မခံစားနိုင်တော့တဲ့ အဆုံး စစ်တပ်ကနေ ထွက်ပြေးကြတာပါ။ တချို့ ထွက်ပြေးရင်း အဖမ်းခံရသလို၊ တချို့ကျတော့ ပြင်းပြင်းထန်ထန် နှိပ်စက် ညှင်းပန်းပြီး တပ်တွင်းအချုပ်တွေမှာ ပစ်ထားပြီးမှ စစ်တပ်ကနေ မထုတ်ပယ်ဘဲ ရှေ့တန်း စစ်မျက်နှာတွေကို ပို့ဆောင် ခံရတာတွေ ရှိပါတယ်။

တပ်တွင်း ပြစ်ဒဏ်ထိ ကလေးစစ်သားတွေကို အကျဉ်းသား ပေါ်တာတွေကို လုပ်သလိုပဲ လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးချတာမျိုးတွေ ရှိတယ် ဆိုတဲ့အကြောင်း ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာတဦးက ပြောပြပါတယ်။

ပိုဆိုးတာကတော့ စစ်တပ်အတွင်း ရှိနေစဉ်မှာပဲ ကလေးစစ်သားတွေဟာ စစ်သားကြီးတချို့ရဲ့ မတရား အဓမ္မ ပြုကျင့်မှု၊ ဖျားယောင်းကျင့်ကြံမှုတွေ ခံစားကြရတယ်လို့ ကလေး စစ်သားတချို့နဲ့ တပ်မတော်သားဟောင်း တချို့က ဆိုပါတယ်။

၂၀၀၈ ခုနှစ် နောက်ပိုင်း တပ်မတော် အင်အားဖြည့်တင်းရေး စီမံချက်တွေကြောင့် စစ်သားစုဆောင်းရေးမှာ ကလေးငယ်တွေဟာ အဓိက ပစ်မှတ်ထား ခံနေကြရပါတယ်။ ဒီလို စီမံချက် ချမှတ်ရတာဟာလည်း တပ်မတော်တွင်း ထိခိုက်ဒဏ်ရာရသူတွေ၊ စစ်ပြေးတွေ ပိုများပြားလာတဲ့ အတွက် ဖြစ်တယ်လို့ ကလေးစစ်သားအရေး လျှို့ဝှက် အကျိုးဆောင် ပေးနေသူတဦးက ပြောပါတယ်။

ဒီ စီမံချက်တွေကြောင့် စစ်သားစုဆောင်းရေး တပ်ရင်းတခုအတွက် ပျမ်းမျှ တလကို ကလေးစစ်သား ၁၅၀ လောက် အထိ ရှာနေကြတယ်လို့ သူက ဆိုပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် ကလေးစစ်သားအရေး ဆောင်ရွက်နေတဲ့သူ တဦးကတော့ အခု လက်ရှိ အခြေအနေအရ ကလေးတွေဟာ စစ်ကျွန်အဖြစ်နဲ့ လူကုန်ကူးမှု ခံနေရတယ်၊ ကလေးစစ်သား တယောက်ကို စုဆောင်းရေး တပ်အရောက် ပို့ပေးနိုင်ရင် ပွဲစားတွေက ကျပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိ ရတယ်၊ အရင်က ကျပ် ၃၀၀၀၀ ပဲရခဲ့ပေမယ့် အခု ဈေးပိုပေးလာတာကြောင့် ပွဲစားအဖြစ် လုပ်ကိုင်သူတွေ ပိုများလာတယ်လို့ ရှင်းပြပါတယ်။

အဲဒီလို ပွဲစားတွေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်တွေ၊ စွမ်းအားရှင်တွေ စတဲ့ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာစစ်တပ်က ကလေးစစ်သား စုဆောင်းမှုကို ပုံစံမျိုးစုံနဲ့ ပစ်မှတ်ထား လုပ်ဆောင်ကြတာပါ။ ပထမ ပစ်မှတ်ထား ပုံစံကတော့ တပ်မတော် မိသားစုဝင် ကလေးတွေနဲ့ သူတို့ရဲ့ ဆွေမျိုးအသိုင်းဝန်းထဲက ကလေးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့ အာဏာအရပ်ရပ်ကို စစ်တပ်က ထာဝစဉ် ထိန်းချုပ် ကိုင်တွယ် နိုင်ဖို့အတွက် တပ်မတော်မိသားစုဝင်တွေ ပိုကျယ်ပြန့်ကြီးမားအောင်၊ တပ်မတော်ထဲမှာပဲ အင်အားတခုဖြစ်စေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ဒုတိယ ပစ်မှတ်အနေနဲ့ မြို့ပြမှာနေကြတဲ့ လမ်းဘေးဈေးသည် ကလေးငယ်များတွေ၊ တောင်းရမ်း စားသောက်နေရတဲ့ ကလေးငယ်တွေ၊ အခြေအနေမဲ့ လေလွင့်လူငယ်တွေကို စုဆောင်းပါတယ်။ ဒီ ကလေးတွေဟာ နီးစပ်ရာ ဘူတာရုံ၊ ဈေး၊ ပန်းခြံ၊ ကားဂိတ် စရှိတဲ့ လူစုလူဝေး နေရာတွေမှာ ပျံကျလုပ်ကိုင်စားသောက်နေထိုင် ကြသူတွေပါ။

တတိယ ပစ်မှတ်ကတော့ အောက်ခြေလူတန်းစား၊ ကျေးလက် ဒေသများတွေက စာမတတ်သူ မိသားစုဝင် တွေထဲက ကလေးငယ်တွေ ဖြစ်ပါတယ်။ မပြည့်စုံတဲ့ ကျေးလက်ဒေသ နေထိုင်သူတွေ အနေနဲ့ ပညာရေး အခွင့်အလမ်း မရှိ သလောက် နည်းပါးပြီး ဗဟုသုတ အားနည်းတာတွေ၊ စီးပွားရေး အဆင်မပြေတာတွေ၊ အစိုးရ၀န်ထမ်း၊ စစ်သား၊ ရဲနဲ့ တခြားအာဏာပိုင်တွေကို အမြဲတမ်း ကြောက်ရွံ့ နေရတာတွေ စတဲ့အချက်တွေက သူတို့ရဲ့ ကလေးတွေကို စစ်သားစုဆောင်းရေးအတွက် တွန်းအားတွေ ဖြစ်နေပါတယ်။

အဲဒီကတဆင့် ပိုအတင့်ရဲလာပြီး နောက်ဆုံး ပစ်မှတ်ဖြစ်တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေထဲက ငွေကြေးချို့တဲ့သူ မိသားစုဝင် ကလေးတွေကိုပါ စုဆောင်းလာကြပါတယ်။ လူမမယ် ကလေးငယ် ကျောင်းသားလေး တွေကို အခွင့်ရေးတခုခုပေးပြီး မြှူဆွယ်တာမျိုး၊ ခြိမ်းခြောက် အကျပ်ကိုင်တာမျိုး စတဲ့ နည်းမျိုးစုံနဲ့ စစ်သား စုဆောင်း ကြတာပါ။

ကလေးသူငယ်တွေကို တရားဥပဒေ ချိုးဖောက်ဖို့ လမ်းစတွေ ဖွင့်ပေးပြီး ထောင်ချောက်ကို မမြင်ဘဲ ချိုးဖောက်မိတဲ့ သူတွေကို ထောင် နဲ့ခြိမ်းခြောက်၊ “စစ်တပ်ထဲ ၀င်မလား၊ ထောင်ကျခံမလား” ဆိုတာမျိုး မေးမြန်းပြီး နောက်ဆုံး စစ်တပ်ထဲ ၀င်ဖို့ တွန်းပို့ စည်းရုံး ဖျားယောင်းတာတွေ ဒုနဲ့ဒေး ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော် ထဲမှာ အထက်အောက် အနိုင်ကျင့်တာ၊ လာဘ်ပေးလာဘ်ယူမှုတွေ မြင့်မားလာတာ၊ လစာနဲ့ ထောက်ပံ့ကြေး ဖူလုံမှု မရှိတာ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ စတဲ့ အဘက်ဘက်က ယိုယွင်း ပျက်ဆီးလာတာတွေ များလာတာကြောင့် တပ်ထဲမှာ မနေချင်တော့ဘဲ ထွက်ပြေးကြတာလို့ တပ်ပြေးတွေက ပြောကြ ပါတယ်။

“တပ်က ထွက်ပြေးတာဟာ လူ့ငရဲတခုကနေ ထွက်ပြေးတာပဲ” လို့ တပ်ပြေးတဦးက ဆိုတယ်။

မြန်မာနိုင်ငံမှာ ခြေလျင်၊ ခြေမြန် တပ်ရင်း တပ်ဆွယ်ပေါင်း ၅၀၀ ကျော်နဲ့ စစ်တိုင်းဌာနချုပ်ပေါင်း ၁၅ ခု (အခု ထပ်မံတိုးချဲ့ဖို့ ပြင်ဆင်နေတဲ့ စစ်တိုင်း ၂ တိုင်းအပါအ၀င်)၊ တပ်မဌာနချုပ်ပေါင်း ၁၀ ခု၊ စကခ ၂၂ ခု တို့ကနေ လစဉ် တပ်ရင်း တရင်းမှာ စစ်ပြေး ၃၀ ကနေ ၅၀ အထိရှိနေတယ်လို့ မြန်မာစတပ်အရေး စောင့်ကြည့် လေ့လာ သူတွေက ပြောပါတယ်။

အဲဒီလို စစ်ပြေးတွေ တိုးမြင့်လာတာကြောင့် ကလေးစစ်သား စုဆောင်းတာကို အရင်ထက် ပိုမိုလုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေကို စစ်တပ်တွင်း အဓိက သွပ်သွင်းရတာဟာ စစ်တပ်ရဲ့ အမိန့်ကို နာခံအောင်၊ သဘောတရား ရိုက်သွင်းရ လွယ်ကူတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဥပဒေအရ အစိုးရစစ်တပ်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အသက် ၁၅ နှစ်အောက် ကလေး သူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့ ကန့်သတ်ထားပါတယ်။ ဒီလို ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တင်နိုင်တဲ့ စစ်ရာဇ၀တ်မှု မြောက်တယ်လို့လည်း အတိအလင်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်မှာလည်း ကလေးသူငယ်တွေကို စစ်တပ်အတွင်း မသွပ်သွင်းဖို့ ကာကွယ်ရေး ဦးစီးချုပ် လက်မှတ်နဲ့ အမိန့် ထုတ်ပြန်ထားပေမယ့် အောက်ခြေ တပ်ရင်း၊ တပ်ဆွယ်တွေရဲ့ အတင်း အဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေဆဲပါပဲ။

ကလေးစစ်သား စုဆောင်းသူ၊ ပွဲစားလုပ်သူတွေကို နာမည်နဲ့တကွ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ အရေးယူ အပြစ်ပေးတာမျိုး လုံးဝမရှိဘူးလို့ ကလေး စစ်သားအရေး ဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ၊ ကလေးစစ်သားစုဆောင်း တာတွေနဲ့ ပတ်သက်ပြီး ILO နဲ့ နှစ်ဦးနှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ်တွေထိုးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း မြန်မာအစိုးရအနေနဲ့ ဟန်ပြ လုပ်ဆောင် ထားတယ် လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ILO ရုံးကို ရန်ကုန် Treader Hotel မှာ အခြေစိုက်ဖွင့်ခွင့်ပေးထားပြီး ဌာနေ ကိုယ်စားလှယ် တဦးက ILO အရာရှိတွေကို တိုင်တန်းလာတဲ့ ကလေးစစ်သား ပြဿနာတွေနဲ့ ပတ်သက်တာကို လျှို့ဝှက် ကူညီဖြေရှင်းပေး နေပါတယ်။ အဲဒီလို ကူညီဖြေရှင်းပေးနေ သူတွေကို ILO က လက်မှတ် ထုတ်ပေးထားပေမယ့် အဲဒီလက်မှတ်တွေ ကိုတော့ အသုံးမပြုရဲဘူးလို့ ကလေးစစ်သားအရေး ကူညီ ဖြေရှင်းပေးနေသူတွေက ဆိုပါတယ်။

“ကျနော်က အတင်းအဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား ကိစ္စတွေကို ကူညီဖြေရှင်းပေးနေပါတယ်။ ILO က ထုတ်ပေးထားတဲ့ လက်မှတ်တော့ရှိတယ်၊ ဒါပေမယ့် အဲဒါကို မသုံးရဲဘူး။ အဲဒီလက်မှတ်သုံးရင် ကျနော့်ကို တခြား အမှုတခုခုဆင်ပြီး ထောင်ကျသွားမှာစိုးလို့ အခုထိ လျှို့ဝှက်ပြီး ဒီကိစ္စတွေကို ကူညီဖြေရှင်းပေးနေတယ်” လို့ ရန်ကုန် အခြေစိုက် ILO အတွက် ကူညီလုပ်ဆောင်ပေးနေသူ တဦးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ထုတ်ပြန်ထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကြေညာချက်တွေ၊ ILO နဲ့ မြန်မာ စစ်အစိုးရတို့ လက်မှတ်ရေးထိုးထားကြတဲ့ သဘောတူချက်တွေကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာ အပါအ၀င် တခြား သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာတွေနဲ့ ပြန်ဆိုပြီး မြို့နယ်၊ ကျေးရွာတွေမှာ လိုက်လံဝေငှ မယ်ဆိုရင် ပြစ်မှုတခုခုနဲ့ ထောင်ဒဏ်ကျခံရ နိုင်ပါတယ်။

“မြန်မာစစ်တပ်မှာ ကလေးစစ်သား မရှိပါဘူးဆိုပြီး မြန်မာစစ်အစိုးရက အစဉ်တစိုက် ငြင်းဆိုနေပေမယ့် အခု မြန်မာ့ တပ်မတော်ရဲ့ စစ်သည် အင်အား ၄ သိန်း ကျော်ထဲမှာ ကလေးစစ်သား ပါဝင်မှုကတော့ ၃၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်” လို့ ရန်ကုန်အခြေစိုက် ကလေးစစ်သားအရေး ဆောင်ရွက်ပေးနေသူ နောက်တဦးက ဆိုပါတယ်။

ILO ရဲ့ ၀င်ရောက်ကူညီဖြေရှင်းပေးမှုတွေကြောင့် စစ်တပ်ကနေ ထွက်ခွာခွင့် ရလာခဲ့ကြတဲ့ ကလေး အနည်းငယ် ရှိပေမယ့် ပိုမိုကျယ်ပြန့် ထိရောက်တဲ့ ကူညီဖြေရှင်းပေးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေပါ သေးတယ်။

မြန်မာစစ်တပ်ထဲမှာရှိတဲ့ အရွယ်မရောက်သေးသူ ကလေးစစ်သားတွေရဲ့ မိဘ၊ ဆွေမျိုးတွေ အနေနဲ့ ဘယ်လို တိုင်တန်းရမယ်၊ မိသားစုရင်ခွင်ကို ဘယ်လို ပြန်ရောက်နိုင်တယ် ဆိုတာကို မသိကြတာက အလွန်များပြား နေတုန်းပဲလို့ ILO ကို ဝိုင်းဝန်းကူညီနေသူတွေက ပြောပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူတွေဟာ မနိုင်ဝန် စစ်သင်တန်းတွေ ပေးခံရ၊ ရက်ရက်စက်စက် ညှင်းပမ်းခံရ၊ အတင်း အဓမ္မ ပြုကျင့်ခံရ စတာတွေကြောင့် မနေနိုင်တဲ့အဆုံး တပ်ထဲက ထွက်ပြေးကြပါတယ်။ တပ်ပြေးအနေနဲ့ ထောင်ဒဏ် ကျခံရပြန်တော့လည်း စစ်သမီးဘ၀ကို အများစု ရင်ဆိုင်ကြရပြန်ပါတယ်။

ကျနော့်ကို သူ့ဘဝအကြောင်း ရင်ဖွင့်ပြောပြနေတဲ့ မောင်သော်ဇင်ဟာ တခြား ထောင်ကျ အကျဉ်းသား တယောက်ရဲ့ အကူအညီနဲ့ သူ့မိသားစုဆီကို သူ ထောင်ကျနေတယ် ဆိုတဲ့အကြောင်း ဆက်သွယ် အကြောင်းကြားထားလို့ ရက်ပိုင်းအတွင်း မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မိသားစုနဲ့ ပြန်ဆုံ ရချိန်မှာ သူ့အနေနဲ့ ယောက်ျားဘ၀ ဆုံးရှုံးပြီး စစ်သမီးဘဝ ရောက်ခဲ့ရတယ် ဆိုတာကို မိဘ၊ ညီအကိုမောင်နှမတွေ သိသွားမှာ စိုးရိမ်ပူပန်စိတ်နဲ့ ယူကျုံးမရဖြစ်ပြီး ငိုကြွေးလို့ နေပါတော့တယ်။

စာရေးသူ လင်းသန့်သည် မြန်မာပြည်မှ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂၀ ကျော် နေခဲ့ရသူဖြစ်သည်။ ဤဆောင်းပါးမှာ ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် စစ်ပြေးထောင်ကျ ကလေးငယ်များ အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။

Posted by . On 2:00 PM 0 comments

ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ


ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

News-earthquake-March-25--Yan-Pai

ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)

ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။

စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။

သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။

တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက် သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။

ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။

ဆူနာမီ ရေလှိုင်းကြီးများကြောင့် ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။

Posted by . On 1:56 PM 0 comments

ထိုင်းနယ်စပ်မှ မြန်မာဘက်သို့ ဓာတ်ဆီတင်ပို့မှု ၂ ဆ မြင့်တက်


မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င် ဓာတ်ဆီတင်ပို့မှုမှာ ယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။

Gas_Inpot

မြ၀တီဘက်သို့ ပို့မည့် ဓာတ်ဆီများ တင်ဆောင်လာ သည့်ကားများကို ယနေ့မွန်းလွဲပိုင်းက ထိုင်းဘက်အခြမ်း နယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ဓာတ်ဆီကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ တရက်ခြား ဓာတ်ဆီလီတာ ၄ သိန်းကျော်ကို ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ တင်သွင်းနေကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက “မဲဆောက်ကနေတဆင့် မြ၀တီဘက်ကို အရင်က ဓာတ်ဆီသွင်းတာ တရက်ခြား လီတာ ၂ သိန်းကျော်ကနေ ဒီလဆန်းကစပြီး တရက်ခြား လီတာ ၄ သိန်းကျော် သွင်းနေရတယ်။ ဒီလိုအချိန်က ဆီကုန်သည်တွေ အလုပ်ဖြစ်သလို ဆီတင်သွင်းခွင့်ရထားတဲ့ မြန်မာဘက်က အဖွဲ့အစည်းတွေလည်း အရင်ထက်ကို အလုပ်ပိုဖြစ်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာဘက်မှ ဓာတ်ဆီအပါအ၀င် စက်သုံးဆီများကို နားလည်မှုဖြင့် တင်သွင်းခွင့်ရရှိသည့်အဖွဲ့များမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၉၉ တပ်မှ ဗိုလ်ချစ်သူအဖွဲ့၊ မြန်မာစစ်တပ် အပါအ၀င် တခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေး ရံပုံငွေအတွက် အမည်ခံ ဆောင်ရွက်ပေးသည့် လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် တစီးလျှင် ဓာတ်ဆီလီတာ ၄ သောင်း ပါရှိသည့် ၂၂ ဘီးတပ် ဆီတင်ကားများဖြင့် မဲဆောက်-မြ၀တီနယ်စပ်မျဉ်းအထိ ထိုင်းလောင်စာဆီ ကုမ္ပဏီများက လာရောက် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ကုန်သည်တဦးက ပြောသည်။

ထိုင်းဘက်အခြမ်း နယ်စပ်မျဉ်းအနီး ရောက်ရှိလာသည့် ဓာတ်ဆီများကို နှစ်နိုင်ငံချစ်ကြည်ရေး တံတား မြောက်ဘက် ထာ့အာရွာရှိ လှေဆိပ်ကြီး ၃ ခုမှတဆင့် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ယာယီသွယ်တန်းထားသည့် ဆီပိုက်များကို အသုံးပြု၍ မြန်မာဘက်ခြမ်းရှိ ဆီလှောင်ကန်များသို့ တင်ပို့ကြခြင်းဖြစ်သည်။

ဘန်ကောက်မှတဆင့် မြ၀တီဘက်သို့ ဓာတ်ဆီလာရောက်ပို့ဆောင်သည့် ဆီလီတာ ၄ သောင်းဆံ့ ဆီတင်ကားများမှာ တရက်ခြားပုံမှန် အစီးရေ ၁၀ စီးမှ ၁၂ စီးအထိရှိကြောင်း၊ ချစ်ကြည်ရေးတံတား တောင်ဘက်ရှိ အမှတ် ၆ လှေဆိပ်မှတဆင့် မြန်မာဘက်သို့ တင်ပို့မှုများလည်း ရှိကြောင်း သိရသည်။

လက်ရှိ မဲဆောက်နယ်စပ်မှတဆင့် မြ၀တီသို့တင်ပို့နေသည့် ဓာတ်ဆီများမှာ ထိုင်းကုမ္ပဏီများက ပြည်ပမှတဆင့် တင်သွင်းလာသည့် အဆင့်မြင့်ဓာတ်ဆီများဖြစ်ပြီး ၎င်းဆီများကို မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း တလီတာလျှင် ယနေ့ပေါက်ဈေး ၄၂.၉၅ ဘတ်ဖြင့် ရောင်းချလျှက်ရှိသည်။ ယမန်နေ့က မဲဆောက်နယ်စပ်ရှိ မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ထိုင်း ငွေ ၃.၄၂ ဘတ် ဖြစ်သည်။

မဲဆောက်တွင် ဓာတ်ဆီဆိုင်ဖွင့်ထားသည့် ကိုမင်းမင်းက ဓာတ်ဆီ ၁ ဂါလံလျှင် ၅ လီတာ ရှိပြီး ယနေ့ ရန်ကုန်မြို့၏ ပြင်ပဓာတ်ဆီဈေးနှုန်းမှာ တဂါလံလျှင် ကျပ် ၄၆၀၀ ရှိပြီး ယခင်လဆန်းက ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ ခန့်သာရှိသည်ဟု ပြောသည်။

မြ၀တီဘက်သို့ တင်သွင်းရန် ဘန်ကောက်ရှိ ဓာတ်ဆီကုမ္ပဏီများမှ နယ်စပ်အထိ လာရောက် ပို့ဆောင်ပေးသည့် ဓာတ်ဆီဈေးနှုန်းများမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောင်းချနေသည့် ဈေးနှုန်းထက် သက်သာကြောင်းလည်း မြန်မာဆီကုန်သည်များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၏ အကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်၍ ပိတ်ထားခဲ့သည်။

ထိုသို့ ပိတ်ပင်ထားသော်လည်း ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို ညဘက်တွင် မြ၀တီဘက်သို့ တင်ပို့လျှက်ရှိရာ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ဓာတ်ဆီနှင့် ဂျပန်နိုင်ငံမှတဆင့် တင်သွင်းသည့် တပတ်ရစ်ကားများမှာ အရေအတွက် အများဆုံး ဖြစ်သည်။

Posted by . On 1:52 PM 0 comments

ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်

ဝေမိုး Saturday, 26 March 2011 18:27

ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။

shanQuak01

သေဆုံးသွားသူများအတွက် တာလေသို့ ခေါင်းတလားများ သယ်ပို့နေကြစဉ် (ဓာတ်ပုံ - Sai Ngaotai/Facebook)

“ကြာသပတေးနေ့ ငလျင်နဲ့ သောကြာနေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် တာလေနဲ့ မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။
shanQuak02

တာလေရှိ နေအိမ်အပျက်အစီးများဘေးတွင် ထိုင်နေသော သားအမိ (ဓာတ်ပုံ - Sai Ngaotai/Facebook)



စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ NGO တခုမှ မြန်မာဝန်ထမ်းတဦးက “ရှမ်းပြည်မှာ အခု ငလျင်လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေကို သွားသတိရတယ်။ လူတွေဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက “ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီးလိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ” ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။